8K Shares

‘‘ကျွန်မကို သုံးယောက် ရက်ရက် စက်စက်သတ်ကြတယ်’’
‘‘ကျွန်မကို ဓားတွေနဲ့ ထိုး သတ်ကြတယ်’’
‘‘ကျွန်မအလောင်းကို စက်မှု ဇုန်ထဲမှာ မြှုပ်ထားတယ်။ မီး မလင်းတဲ့ ဓာတ်တိုင်အောက်မှာ’’

နှစ်ဆန်း ၁ ရက်နေ့ တောင် ဒဂုံစက်မှုဇုန် (၁၀၇)ရပ်ကွက် မြခွာညို (၅)လမ်းတွင် ပြုလုပ်သည့် နေဝင်ရီတရောအချိန် အန္တ ရာယ်ကင်းပရိတ်တရားပွဲသို့ မြမြ ရောက်လာခဲ့သည်။ တရားနာနေ သည့် အမျိုးသမီးငယ်တစ်ဦးကို အချိန်အတော်ကြာဝင်ပူး၍ မြမြ ပြောကြားခဲ့သည်။ သင်္ကြန်အ ကြိုနေ့က သင်္ကြန်လည်ပြီး ပြန် လာသည့် သူ့ကို လူသုံးယောက် မုဒိမ်းဝိုင်းကျင့်ခဲ့သည်တဲ့။ ပြီး တော့ စက်မှုဇုန်ထဲမှာပင် ရက် ရက်စက်စက်သတ်ကာ မြေကြီးဖို့ အလောင်းဖျောက်ခဲ့ကြသည်တဲ့။

မြမြ ပူးကပ်သည်ဆိုသော ဗီဒီယိုဖိုင်က နာရီပိုင်းအတွင်း လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ပြီး ကြည့်ရှုရသူအပေါင်းကို တစ္ဆေ သရဲဇာတ်ကားများမှ သဘာဝ လွန်ဇာတ်ဝင်ခန်း ကြည့်ရသလို ကြက်သီးမွေးညင်းထစေခဲ့၏။ အမျိုးသမီးငယ်ကို မြမြ ပူးကပ်ပြီး စိတ်မချမ်းမြေ့ဖွယ် ငိုယိုပြောဆို နေသည်ကို ကြည့်ရှုသူသုံးသန်းခန့်ရှိပြီး စုတ်တသပ်သပ်မှတ်ချက် မျိုးစုံပေးခဲ့သည်။

သနားစရာ မြမြဟာ တကယ်ပဲ ရက်စက်စွာ အသတ်ခံခဲ့ရ သလား၊ မြမြအတွက် တရားမျှတ မှုကော ရှိပါ့မလား။ မေးခွန်းများ စွာ ထွက်ပေါ်လာခဲ့တော့သည်။

မြမြ ဘယ်သူလဲ
သည်မေးခွန်းများကို ဖြေရှင်း ရန် ဦးဆုံးမိတ်ဆက်ရမည်က တောင်ဒဂုံမြို့နယ် (၁၇)ရပ်ကွက် အတွင်းရှိ ကျောက်စိမ်းဖိနပ် စက်ရုံပင်ဖြစ်သည်။ တိုင်ပေ ကုမ္ပဏီဖြစ်ပြီး ၂၀၁၆ က စတင် တည်ထောင်သည့် ကျောက်စိမ်း ဖိနပ်စက်ရုံက ပြည်ပသို့ တင်ပို့ရန် ဖိနပ်များ ချုပ်လုပ်သည်။ စက်ရုံ တွင် မြန်မာနိုင်ငံသား ဝန်ထမ်း ၁,၃၂၇ ဦး အလုပ်လုပ်ကိုင်နေ သည်။

အသတ်ခံရသည့် မြမြသည် ကျောက်စိမ်းဖိနပ်စက်ရုံတွင် အ လုပ်လုပ်ကိုင်နေသူဟု ဆိုသည်။ပရိတ်တရားပွဲတွင် ပူးကပ်ခံ ရသည်ဆိုသော အမျိုးသမီးငယ် မှာလည်း ကျောက်စိမ်းဖိနပ်စက် ရုံ ‘ဖိနပ်ခုံလိုင်း’တွင် လုပ်ကိုင် သည့် မခင်ဇာခြည်လင်း ဖြစ် သည်။

သူ့ကို မြမြ ပူးကပ်၍ အ ချိန်အတော်ကြာအောင် စီကာ ပတ်ကုံး ပြောပြခဲ့သည်။ မြမြသည် ဧရာဝတီတိုင်း ငါးသိုင်းချောင်း ဇာတိဖြစ်သည်။ ဦးကျော်ရင်၊ ဒေါ်ခင်ကြည်တို့၏ သမီးဖြစ်ပြီး ရန်ကုန်တွင် အလုပ်လာရောက် လုပ်ကိုင်နေစဉ် သင်္ကြန်အကြိုနေ့ တွင် ရက်စက်စွာ အသတ်ခံရ သည်ဟု ဆိုလေသည်။ ၎င်းကို သတ်ဖြတ်သွားသူများသည် SWEETY HOME မွေ့ရာစက်ရုံ မှ လူရွယ်သုံးဦးဟု မြမြ ပူးကပ်နေ သည်ဆိုသော သူက ပြောခဲ့ သည်။

ကျန်အခြင်းအရာများကို တော့ ပြော၍မရဆိုကာ မြမြက မပြောသွားပေ။ သူ၏ အလောင်း ကို အမြန်ဆုံးဖော်ပေးရန်နှင့် ၎င်းကို သတ်သွားသည့် လူငယ်သုံးဦး ကို ဖမ်းဆီးပေးရန် မြမြက ငိုယို၍ တိုက်တွန်းခဲ့သည်။မခင်ဇာခြည်လင်းကို ပူးကပ်၍ မြမြ ပြောခဲ့သည့် အချက်အ လက်များက ကြည့်ရှုသူ အတော် များများကို အံ့ဩဘနန်းအဖြစ် ယုံကြည်စေခဲ့သည်။ သို့သော် တစ်ဖက်တွင်တော့ မြမြက ကောင်း ကောင်းကြီး ဒုက္ခပေးခဲ့ပါတော့ သည်။

မြမြပေးတဲ့ အိပ်ပျက်ည
‘‘စက်မှုတစ်ဝန်းလုံး ပတ်ရှာ တာ အဲဒီညက (ဧပြီ ၁၇ ရက်ည) က အိပ်တောင်မအိပ်ရဘူး။ မီး ပြတ်တဲ့ ဓာတ်တိုင်အောက်မှာ မြှုပ်ထားတာဆိုတော့ ငါတို့က မီးပြတ်တဲ့ ဓာတ်တိုင်အောက် လျှောက်ကြည့်၊ လူပြတ်တဲ့နေရာ တွေ လိုက်ကြည့်၊ အနံ့ခံကြည့်နဲ့။ တကယ် တစ်ညလုံးအလုပ်ရှုပ် တာ’’ဟု တောင်ဒဂုံမြို့နယ် (၁၀၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့် ကျော်က ပြောသည်။

မြမြက သူတို့ တောင်ဒဂုံ (၁၀၇)ရပ်ကွက်တွင် ကျင်းပသည့် ပရိတ်တရားပွဲ၌ ဝင်ရောက်ပူးကပ် ခဲ့သည်မို့ သူလည်း ပယောဂမကင်းဟု ယူဆကာ ဦးမြင့်ကျော် အပါအဝင် ရဲတပ်ဖွဲ့ဝင်များ ထိုည က စက်မှုဇုန်အတွင်း နှံ့နေအောင်မြမြအလောင်း ရှာပုံတော်ဖွင့် တော့သည်။

ထိုနှစ်ဆန်း ၁ ရက်နေ့က ဦးမြင့်ကျော်တို့အဖွဲ့သာမက ကျောက်စိမ်းဖိနပ်စက်ရုံမှ တာဝန် ရှိသူများနှင့် ရပ်ကွက်ရဲကင်းမှူး ကိုအေးနိုင်တို့အဖွဲ့လည်း စက် မှုဇုန်ဝင်းအတွင်း မြမြကို မိုးလင်း ပေါက် လိုက်ရှာခဲ့သည်။ သူတို့ အဖွဲ့က မီးမလာသည့် ဓာတ်တိုင် များကို လိုက်ရေတွက်ပြီး အမှတ် အသားပေးသည်။ စက်မှုဇုန်အ တွင်း မီးပြတ်တတ်သော မသင်္ကာ စရာ ဓာတ်တိုင် ရှစ်နေရာကို မြေ ဆွကြည့်သည်။ မြေမြှုပ်နိုင်သည် ဟု ယူဆရသော မြေကြီးနေရာ များကို စစ်ဆေးသည်။ စက်မှုဇုန် အတွင်း ချုံနေရာများကို ဝိုင်းဝန်း ရှင်းလင်းသည်။

‘‘အဲဒီကောင်မလေးက ရိုးရိုး အေးအေး သူ့ဟာသူနေတာဗျ။ အဲဒီနေ့ကျမှ ထပြီးပူးသလိုဖြစ် တော့ အကုန်လုံးက လန့်ကြတာ။ ပြီးတော့ ကိုယ့်စက်မှုဇုန်ထဲမှာဖြစ် တဲ့အမှု၊ တိုင်းသိပြည်သိလည်း ဖြစ်နေပြီဆိုတော့ ဒါကို ဖော်ထုတ် မယ်ဆိုပြီး အကုန်လုံးက သွေးပူ ကြတာပေါ့’’ဟု မြမြ ရှာပုံတော် တွင် ပါဝင်ခဲ့သူ အမျိုးသားတစ်ဦး က ပြောသည်။

သို့သော် ထိုနေ့က မြမြကို ထပ်မတွေ့ရတော့ပါ။

မြမြကြောင့် အလုပ်ရှုပ်ကြပြီ
နှစ်ဆန်း ၂ ရက်နေ့တွင် တော့ မြမြက အင်တာနက် လူမှု ကွန်ရက်တွင် အတော်သတင်း ကြီးနေပြီ။ တိတိကျကျ မထွက် ပေါ်လာသေးသည့် သတင်းများ နှင့်အတူ ဝေဖန်ပြောဆိုမှုများစွာ လည်း ညံလာပြီဖြစ်သည်။ စက်မှု ဇုန်အတွင်း အလောင်းပေါ်သည် ဟူသော ကောလာဟလများ လည်း ထွက်လာသည်။ ကောလာ ဟလ ထွက်တိုင်းလည်း စက်မှုဇုန် တစ်ဝင်းလုံးလိုလို အပြေးအလွှား သွားကြည့်ကြသည်ဟု စက်မှုဇုန် ဝင်းအတွင်း ဆိုင်ကယ်ကယ်ရီဆွဲ နေသူ ကိုမျိုးဇော်သန့်က ပြော သည်။

‘‘ရွာသာကြီးနား အလောင်း ပေါ်တယ်ဆို သွားကြည့်လိုက်၊ ဟိုဓာတ်တိုင်နားမှာ အလောင်း ပေါ်ပြီဆို ပြေးကြည့်လိုက်နဲ့’’ဟု ၎င်းက ဆိုသည်။

မြမြကြောင့် ခေါင်းအခဲရဆုံး ကတော့ ကျောက်စိမ်းဖိနပ်စက်ရုံ နှင့် တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့တို့ ဖြစ်သည်။ ထို့အပြင် မဆီမဆိုင် ပဲလှော်ကြား ဆားညပ်ပြီး ခေါင်း ကိုက်ရသည်ကတော့ လူသတ် သမားများ ရှိသည်ဟု စွပ်စွဲခံရ သည့် SWEETY HOME မွေ့ရာ ကုမ္ပဏီပင်ဖြစ်သည်။

‘‘ဒီလိုဖြစ်ရပ်တွေရှိလာ တော့ ကျွန်တော်တို့ ကုမ္ပဏီက ထိမ်ချန်ထားတယ်၊ လျှို့ဝှက်ထား တယ်ဆိုပြီး ပြောလာကြတယ်။ တကယ်ဆိုရင်လည်း ကျွန်တော် တို့နဲ့ ဘာဆိုင်လဲ။ ကျွန်တော်တို့ ကတောင် အမှုအမှန်ပေါ်ချင်သေး တယ်’’ဟု ကျောက်စိမ်းစက်ရုံမှ HR မန်နေဂျာ ကိုဇော်ဇော်အောင် က ဆိုသည်။

မြမြကိစ္စ ပျံ့နှံ့ပြီးနောက် မြမြဆိုသည့် အမျိုးသမီး ကျောက် စိမ်းစက်ရုံတွင် ရှိ၊ မရှိကိုလည်း ဖြေရှင်းချက်များ ချက်ချင်းထွက် မလာပေ။ အကြောင်းမှာ ကျောက် စိမ်းဖိနက်စက်ရုံသည် သင်္ကြန်တွင်း ရုံးပိတ်ရက်ခံသွားပြီး ဝန် ထမ်းစာရင်းကို ချက်ချင်းမစိစစ် နိုင်သောကြောင့်ဖြစ်သည်။

သို့သော် ဧပြီ ၂၃ ရက်တွင် စက်ရုံပြန်လည်ဖွင့်လှစ်ပြီး ဝန် ထမ်းစာရင်းများကို ချက်ချင်းစိစစ် ခဲ့သည်။ ထို့အတူ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ပါ ပါဝင်လာပြီး ကျောက် စိမ်းစက်ရုံသို့ ရောက်လာကာ မြမြကိစ္စကို စိစစ်တော့သည်။စိစစ်မှုများအရ စက်ရုံတွင် ဝန်ထမ်း ၁,၃၂၇ ဦးရှိရာ ရုံးစဖွင့် သည့်နေ့တွင် ၃၂ ဦး ပျက်ကွက် သည်။ တိုင်းရဲတပ်ဖွဲ့က ချက်ချင်း ပင် နယ်မြေခံရဲများမှတစ်ဆင့် ချိတ်ဆက်ပြီး စက်ရုံဆင်းရန် ပျက်ကွက်သူများကို ခြေရာခံသည်။

‘‘၃၂ ယောက်စလုံးကို အ ဆက်အသွယ်ရတယ်။ အဲဒီအထဲ က သုံးယောက်ဆို နယ်ကနေ ရန်ကုန်ပြန်လာတဲ့ အဝေးပြေး ကားပေါ်မှာပဲ ရှိသေးတယ်။ အဲဒီ နောက်ကို ရဲက အကုန်လုံး စိစစ် လိုက်တော့ စက်ရုံမှာ ပျောက်နေ တဲ့လူ လုံးဝမရှိဘူး’’ဟု ကိုဇော် ဇော်အောင်က ရှင်းလင်းသည်။

ထို့အပြင် စာရင်းဇယားများ ကို တိုက်ဆိုင်စစ်ဆေးရာ ဧရာ ဝတီတိုင်းတွင် နေထိုင်သူ ၁၇၀ ကျော်ရှိသည်။ ငါးသိုင်းချောင်း တွင် နေထိုင်သူ နှစ်ဦးရှိသည်။ ၎င်းတို့မှာ ဒေါ်နွယ်နွယ်အောင်နှင့် မမေသဉ္ဇာနွယ်ဆိုသည့် သားအမိ နှစ်ဦးဖြစ်သည်။ ဧရာဝတီတိုင်းမှ လာရောက်လုပ်ကိုင်သူများထဲ တွင်လည်း မြမြမရှိပေ။ စက်ရုံ စထောင်သည့် ၂၀၁၆ ကစ၍ မြမြ ဟူသည့် နာမည်လည်း မရှိခဲ့ပေ။ မြမြဦးအမည်ဖြင့် နှစ်ဦးနှင့် မြမြ သင်း၊ မြမြအေးဟူ၍ နာမည်ဆင် တူသူ လေးဦးရှိသော်လည်း ၎င်း တို့သည် စက်ရုံတွင် အလုပ်ဆင်း နေကြသည်။

‘‘အဲဒီနေ့မှာ ကျွန်တော်တို့ စက်ရုံဘက်မှ လုံးဝသေချာသွား ပြီ။ မြမြဆိုတာ စက်ရုံမှာ လုံးဝကို မရှိဘူး’’ဟု ကိုဇော်ဇော်အောင်က ပြောသည်။ကျောက်စိမ်းဖိနပ်စက်ရုံ အ လုပ်ရှုပ်သည့်နည်းတူ တောင်ဒဂုံ မြို့နယ် ရဲတပ်ဖွဲ့ကလည်း အ တော်ပင် ခေါင်းကျိန်းခဲ့သည်ဟု အမည်မဖော်လိုသည့် ရဲတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ကို နယ်လုံဝန် ကြီးကိုယ်တိုင်က လှမ်းကြိမ်းတာ။ မြမြဖြစ်ရပ်ကို သေချာစိစစ်ပါဆို ပြီး’’ဟု ၎င်းက ပြောသည်။

ရဲတပ်ဖွဲ့အနေဖြင့်လည်း မြမြဇာတိဖြစ်သည်ဆိုသော ငါး သိုင်းချောင်းမြို့နယ် ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ပြီး လူပျောက်တိုင်မှု ရှိ၊ မရှိ စိစစ်ခဲ့သည်။ ၎င်းတို့အဆို အရ မြမြကိစ္စအပြီးတွင် ငါးသိုင်း ချောင်းမြို့နယ် ရဲတပ်ဖွဲ့လည်း ပျာယာခတ်နေခဲ့သည်ဟု ရဲတပ် ဖွဲ့ဝင်တစ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ တောင်ဒဂုံ မှာလည်း သင်္ကြန်အကြိုနေ့က တည်းက လူသတ်မှု၊ အလောင်း ဖျောက်မှု၊ လူပျောက်တိုင်တာ အားလုံး စိစစ်ပြီးပြီ၊ ဘာမှမရှိပါ ဘူး’’ဟု ဒုရဲအုပ် ဟိန်းသာထွန်းက ပြောသည်။ရဲတပ်ဖွဲ့အချို့နှင့် ရပ်ကွက် လူကြီးများကတော့ မြမြကို အ တော်ပင် စိတ်ဆိုးနေကြသည်။

‘‘အစတုန်းကတော့ ဟုတ် မယ်ထင်လို့ အပူတပြင်းစုံစမ်းတာ ပေါ့။ နောက်ပိုင်းကျတော့ ဒီကိစ္စ မဟုတ်ဘူးဆိုတာ တပ်အပ်ပြော နိုင်တယ်။ အလကား အဆဲခံရ အလုပ်ရှုပ်တာပေါ့ဗျာ’’ဟု ရှာဖွေ ရေးတွင် ပါဝင်သူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

‘‘ဘာမြမြလဲ။ ငါ့လာလုပ်လို့ ကတော့ သွားပါကျိုးအောင် ဖြတ် ရိုက်မယ်။ အလကား လူကြီးတွေ အလုပ်ရှုပ်အောင်လုပ်တာ’’ဟု (၁၀၇)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ကျော်က ပြောသည်။

ကြားထဲမှ ငထွားခါးနာရ သည်ကတော့ SWEETY HOME ကုမ္ပဏီပင်ဖြစ်သည်။ မြမြကို သတ်သူများသည် ၎င်းတို့ ကုမ္ပဏီ ဝန်ထမ်းများဆိုသည့် သတင်း ကြောင့် ဝန်ထမ်းများအနေဖြင့် ထိခိုက်မှုများရှိသည်ဟု HR မန် နေဂျာ မဆွေဇင်ဖြိုးက ဆိုသည်။

SWEETY HOME မွေ့ရာ မှာ တောင်ဒဂုံစက်မှုဇုန်အတွင်း မဟုတ်ဘဲ ရွှေပြည်သာနှင့် လှိုင် သာယာစက်မှုဇုန်အတွင်းသာရှိ သောကြောင့် အခင်းဖြစ်စဉ်နှင့် ဝေးကွာကြောင်း ၎င်းက ပြော သည်။

‘‘ကျွန်မတို့ ကုမ္ပဏီကို လူမှု ကွန်ရက်မှာ ဆဲကြတယ်။ ဒါက ပြဿနာမရှိသေးဘူး။ ပြီးတော့ ကျွန်မတို့ဆီမှာ ယောက်ျားလေး ဝန်ထမ်းများတယ်။ ကျွန်မတို့ ဝန် ထမ်းတွေက အိမ်တိုင်ရာရောက် မွေ့ရာလိုက်ပို့ပေးရတာ၊ ဆင် ပေးရတာ။ ဒါမျိုး ဝန်ဆောင်မှုတွေ ရှိတော့ ဝန်ထမ်းမျက်နှာပျက်ရင် အတော်ထိခိုက်ပါတယ်။ သူတို့ ကို မယုံကြတော့ဘူး။ တချို့ဝန် ထမ်းတွေဆို ယူနီဖောင်းမဝတ်ချင် လို့ ငြင်းကြတာတောင် ရှိလာပါ တယ်’’ဟု ၎င်းက ပြောသည်။

မြမြကို ဘယ်လိုမှတ်ချက်ပေးကြ လဲ
‘‘ဘုန်းကြီးက ဗုဒ္ဓဘာသာ ဘုန်းကြီးဆိုတော့ ဒါတွေမယုံဘူး။ ဒါပေမဲ့ ဖော်ထုတ်ဖို့တော့လို တယ်။ ဟုတ်ရင် ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်တဲ့အကြောင်း အခိုင်အမာပေါ့။ ဒါမှ ကြည့်တဲ့သူ တွေလည်း အကုသိုလ်မများမှာ ကိုး’’ဟု မြမြ ပူးကပ်စဉ်က ပရိတ် ရွတ်ပေးခဲ့သည့် ဆရာတော် ဦးစန္ဒောဘာသက မိန့်သည်။ ၎င်းကိုယ်တိုင်လည်း မြမြ ဝိညာဉ် ပူးသည့် ဗီဒီယိုတွင် ပါဝင်နေ သောကြောင့် ဘုန်းကြီးအသိုင်းအ ဝိုင်းကြား၌ အတော်ပင် စပ်စုခံ၊ မေးမြန်းခံခဲ့ရကြောင်း ဟာသနှော ၍ ပြောသည်။

ကိုယ်တိုင် မြမြ ပူးကပ်ခံခဲ့ရ သည့် တောင်ဒဂုံမြို့နယ် မြခွာညို (၅)လမ်းတွင် နေထိုင်သည့် မခင် ဇာခြည်လင်းကတော့ မြမြနှင့် ပတ်သက်၍ ယုံကြည်နေသည်။ သူကိုယ်တိုင် ပူးကပ်ပြောဆိုခဲ့ သည်များကို မမှတ်မိတော့ဟုဆို သည်။ သူက မြမြအတွက် အမှု မှန်ပေါ်အောင် လုပ်ပေးရန် တောင်းဆိုသည်။

‘‘ကျွန်မကတော့ ကျွန်မအိမ် ရှေ့မှာ တကယ်တွေ့လိုက်တာပဲ။ မြမြကလည်း သေသေချာချာ ပြသွားတာပါ။ ကျန်တာတွေတော့ ဖော်ထုတ်ပေးကြပါ’’ဟု ၎င်းက ဆိုသည်။ကိုဇော်ဇော်အောင်ကတော့ မြမြ ပူးကပ်သည့်ကိစ္စနှင့် ပတ်သက်ပြီး နောက်ပိုင်းကိစ္စများတွင် စက်ရုံနာမည်ပျက်ရန် ကြံစည်မှု များ ပါဝင်နိုင်ကြောင်း သုံးသပ် သည်။

ကျောက်စိမ်းဖိနပ်စက်ရုံမှာ ၂၀၁၈ ဒီဇင်ဘာက အခကြေးငွေ ပြဿနာနှင့် ပတ်သက်၍ ဆန္ဒပြ မှုဖြစ်ပွားခဲ့သည်။ ထိုမတိုင်မီက လည်း နှစ်ကြိမ်ခန့် ဆန္ဒပြသူများ ရှိနေပြီး စက်ရုံတွင်း အလုပ်သမား ပြဿနာအချို့ ရင်ဆိုင်နေရသည် ဟု ကိုဇော်ဇော်အောင်က ပြော သည်။

စိတ်ပညာနှင့် ဆေးပညာအ သိုင်းအဝိုင်းတွင်တော့ မြမြကဲ့သို့ ပယောဂပူးခြင်း၊ ဝိညာဉ်ပူးကပ် ခြင်းကဲ့သို့ ကိစ္စများမှာ Mass Hysteria ဆိုသည့် အစုလိုက် အပြုံလိုက် အရူးထခြင်းမျိုး ဖြစ် လာနိုင်ကြောင်း စိတ်ရောဂါအထူး ကု ဦးဇော်ဝင်းကိုက ပြောသည်။ လူပေါင်းများစွာ လုပ်ကိုင်သည့် စက်ရုံ၊ အလုပ်ရုံများတွင် စိတ်ဖိစီး မှုကို အခြေခံကာ ထိုသို့ အဖြစ် များပြီး တစ်ဦးမှတစ်ဦး၊ နောက် ထပ်ပင် ဖြစ်လာတတ်ကြောင်း ပြောသည်။

ထိုကိစ္စများ ရှင်းလင်းသွား အောင် ကျောက်စိမ်းဖိနပ်စက်ရုံ က လာမည့် ဧပြီ ၃၀ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည် ဟု ကြေညာထားသည်။

‘‘ကျွန်တော်တို့ စက်ရုံကို ပိတ်စေချင်တဲ့လူတွေရှိတယ်။ စက်ရုံထဲမှာပဲ ဒီစက်ရုံကို မကျေ နပ်တဲ့ လူတွေပေါ့။ သူတို့က စက် ရုံပိတ်ရအောင် နဂိုကတည်းက လုပ်ဆောင်နေတာတွေရှိတယ်။ ပြီးတော့ ဒီကိစ္စအပေါ် အခြေခံပြီး လုပ်မှာကိုလည်း စိုးရိမ်တာပါ’’ဟု ကိုဇော်ဇော်အောင်က ဆိုလေ သည်။

Facebook Comments
8K Shares