Gyan Pone

Media, Entertainment and News Website

crime-news, News

တရားမဝင်နေထိုင်နေပြီးအွန်လိုင်းလောင်းကစားဂိမ်းလုပ်ကိုင်နေတဲ့တရုတ်နိုင်ငံသား (၁၈၀)ကျော်ကိုသေနတ်တွေနဲ့ အတူတာချီလိတ်မှာဖမ်းမိ

တာချီလိတ်မြို့နယ်ထဲမှာ တရုတ်နိုင်ငံသားတွေ တရားမဝင်နေထိုင်ပြီး အွန်လိုင်း လောင်းကစားပြုလုပ်နေတယ်လို့ သတင်းရတာကြောင့် ဌာနဆိုင်ရာ အဖွဲ့စုံပါဝင်တဲ့ အဖွဲ့တွေနဲ့ ဝင်ရောက်စစ်ဆေးရာမှာ တာချီလိတ်မြို့တွင်း နေရာ (၃)နေရာကနေ တရုတ်နိုင်ငံသား (၁၈၈)ဦးကို ရိုင်ဖယ် သေနတ်(၃)လက်၊ စိတ်ကြွဆေးပြား အချို့နဲ့အတူ မေလ (၁၃)ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိပါတယ်လို့ ကနဦး သတင်းရရှိပါတယ်။

တာချီလိတ်မြို့နယ်၊ ဝိန်းကျောက်ရပ်ကွက်နဲ့ ရန်အောင်မြေရပ်ကွက်တို့က နေရာ (၃)နေရာကို ဌာနဆိုင်ရာ အဖွဲ့စုံပါဝင်တဲ့ အဖွဲ့က မေလ (၁၃)ရက် မနက် (၁၀)နာရီခွဲကနေ နေ့လည် (၁)နာရီထိုးခန့်အထိ ဝင်ရောက် စစ်ဆေးရာမှာ အခုလို ဖမ်းဆီးရမိတာ ဖြစ်ပါတယ်။

ဝိန်းကျောက်ရပ်ကွက်ထဲက လပ်ကီးမိုတယ်ကို ဝင်ရောက်စစ်ဆေးရာမှာ တရုတ်နိုင်ငံသား ကျား (၇၅)ဦး၊ မ (၄)ဦးကို အွန်လိုင်းလောင်းကစားပြုလုပ်ရာမှာ အသုံးပြုတဲ့ ဖုန်းအမျိုးအစားစုံ (၁၆၄)လုံး၊ လက်ပ်တော့(၅)လုံး၊ စကားပြောစက် (၅)လုံးနဲ့ အတူ ဖမ်းဆီးရမိပါတယ်။

ဆက်လက်ပြီး ရန်အောင်မြေရပ်ကွက်ထဲက နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးရာမှာ တရုတ်နိုင်ငံသား ကျား (၃၈)ဦး၊ မ(၁)ဦး၊ မြန်မာနိုင်ငံသား (၁၀)တို့ကို ဖုန်းအမျိုးအစားစုံ (၁၈၄)လုံး၊ လက်ပ်တော့ (၁၁)လုံးနဲ့ အတူ ဖမ်းဆီးရမိပါတယ်။

ဒါ့အပြင် ဝိန်းကျောက်ရပ်ကွက်ထဲက နေအိမ်တစ်အိမ်ကို ထပ်မံစစ်ဆေးရာမှာ တရုတ်နိုင်ငံသား ကျား (၆၅)ဦး၊ မ(၅)ဦး တို့ကို M-22 ရိုင်ဖယ်သေနတ် (၃)လက်၊ ကျည်ဘောက် (၁၁)ဘောက်၊ ကျည် (၃၂၅)တောင့်၊ ဖုန်းအမျိုးအစားစုံ အလုံး (၂၀၀)ခန့်၊ စကားပြောစက် (၂)လုံး၊ ကျည်ကာအကျီင်္ (၃)ထည်၊ စိတ်ကြွဆေးပြား (၂၅)ပြားနဲ့ အတူဖမ်းဆီးရမိခဲ့ပါတယ်။

အခုလို ဖမ်းဆီးရမိတဲ့ တရားမဝင်ဝင်ရောက်နေထိုင်နေတဲ့ တရုတ်နိုင်ငံသားတွေကို သက်ဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။သတင်း/ဓာတ်ပုံ – ရွှေတြိဂံဒေသသတင်း

Facebook Comments
236 Shares

Comments are Closed

Powered by M.N.T